လူနာ၏ရောဂါရာဇဝင် Patient History
လူနာ၏ရောဂါရာဇဝင်
ရှေးဦးသူနာပြုနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှု
ရှေးဟောင်းပုံပြင်တစ်ပုဒ်မှာ မျက်မမြင်ခြောက်ယောက်က ဆင်တစ်ကောင်ရဲ့ မတူညီတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကိုင်တွယ်စမ်းသပ်ပြီး ဘာတိရစ္ဆာန်ဖြစ်တယ်ဆိုတာကို တစ်ယောက်နဲ့တစ်ယောက် အပြိုင်ငြင်းခုံနေကြတယ် ဆိုပြီးပြောဆိုတာမျိုးကြားခဲ့ဖူးသည်။ကျွန်ုပ်တို့အနေနဲ့ လူနာရဲ့စမ်းသပ်စစ်ဆေးမှုမှရရှိလာတဲ့ အချက်တစ်ချက်လောက်ကိုသာအခြေခံပြီး ရောဂါအခြေအနေကိုသုံးသပ်တာမျိုးကိုရှောင်ရပါမည်။အဲ့အစား ထိုစမ်းသပ်စစ်ဆေးမှုမှရရှိလာတဲ့ အချက်အလက်အားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ လူနာကဘာဖြစ်နေတယ်ဆိုတာကိုနားလည်နိုင်အောင်ကြိုးစားရမည်။မျက်မမြင်တွေဟာ သူတို့တစ်ဦးချင်းစီ သိရှိနားလည်တဲ့ အချက်အားလုံးကို စုပေါင်းပြီးစဉ်းစားပါက ဆင်ဖြစ်တယ်ဆိုတာကိုနားလည်နိုင်ပေသည်။
လူနာတစ်ယောက်ကို စစ်ဆေးကုသနိုင်ရန်အတွက် အခင်းအခြေအနေကို သုံးသပ်လေ့လာခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရသောအခြေအနေ ရှိ မရှိ စစ်ဆေးခြင်း၊ လူနာ၏အဓိက ဝေဒနာအားဖော်ထုတ်မေးမြန်းခြင်း ဆိုသည့် အချက်များမှ စတင်ရပါမည်။ ယခုအဆင့်မှတစ်ဆင့် လူနာရာဇဝင်ကို မေးမြန်းခြင်းဖြင့် အသေးစိတ်အချက်အလက်များကို ရရှိနိုင်ပါသည်။ ရရှိသော အချက်အလက်များကို စိတ်တွင်ပုံဖော်ကြည့်နိုင်ပါသည်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအများစုသည် ယခု မေးခွန်းများကိုမှတ်မိလွယ်နိုင်ရန် အင်္ဂလိပ် စကားလုံး SAMPLE နှင့် OPQRST ဖြင့်မှတ်ထားကြပါသည်။ မည့်သည့်နည်းဖြင့် မှတ်ထားထား အဓိကမှာ လူနာကိုစမ်းသပ်ရာတွင် အသုံးဖို့သာအဓိကဖြစ်ပါသည်။
‘S’ ဆိုသောစကားလုံးသည် လူနာ၏ ဝေဒနာ လက္ခဏာစမ်းသပ်စစ်ဆေးခြင်းကို ဆိုလိုပါသည်။
လူနာ၏ဝေဒနာ နှင့် ရောဂါလက္ခဏာ (Signs and Symptoms)
ရောဂါလက္ခဏာ ဆိုသည်မှာ လူနာ၏ကျန်းမာရေးအခြေအနေနှင့်ပက်သက်၍ အတည်ပြုသက်မှတ်နိုင်ရန်အတွက် အထောက်အကူပြုဆုံးအချက်များထဲတွင် ပါဝင်ပါသည်။
ရောဂါလက္ခဏာဆိုသည်မှာ လူနာ သို့မဟုတ် လူနာမိသားစုမှ ပြောပြသည့် ရောဂါဝေဒနာနှင့်ပက်သက်သော အချက်အလက်များ ဖြစ်သည်။ လူနာဆီမှ မှန်ကန်သော ရောဂါဆိုင်ရာအချက်အလက်ကိုရရှိနိုင်ရန်အတွက် လူနာနှင့်ယုံကြည်မှုတည်ဆောက်ရပေမည်။ လက္ခဏာများနှင့်ပတ်သက်သည့် မေးခွန်းများကို မှတ်မိရန် အသုံးပြုလေ့ရှိသော အတိုကောက်စကားလုံးမှာ OPQRST ဖြစ်သည်။
အင်္ဂလိပ်စကား သုံးနူန်းမဟုတ်သူများအနေနှင့် ‘ဘယ်အချိန်’၊ ‘ဘာ’၊ ‘ဘယ်လို’၊ ‘ဘယ်နေရာ’၊ ‘အရေအတွက်’၊ နှင့် ‘မတိုင်ခင်’ ဆိုသည့် စကားလုံးများကို အသုံးပြု၍မေးခွန်းမေးရာတွင် ဂရုတစိုက်မေးမြန်းရန်အကြံပြုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် အင်္ဂလိပ်စာနှင့်ပက်သက်၍ အခက်အခဲရှိသူများတွင် ဉာဏ်ကောင်းသူများပင် ထိုစကားလုံးများနှင့်မေးမြန်းသောမေးခွန်းများ၏ အဓိပ္ပာယ်ကို တိတိကျကျနားလည်နိုင်ရန် ရုန်းကန်နေရသည်ကို မကြာခဏ တွေ့မြင်ရသောကြောင့် ဖြစ်သည်။
- Onset စတင်ခြင်း သို့မဟုတ် ‘ဘယ်အချိန်’ – ‘ဒီလက္ခဏာ (အဓိက ဝေဒနာ/ခံစားချက်) ဘယ်အချိန်က စတင်ခဲ့သလဲ?’ တစ်ခါတစ်ရံတွင် ဤမေးခွန်းကို ‘လူနာကို နောက်ဆုံး ပုံမှန်အတိုင်း ပြုမူနေတာ ဘယ်အချိန်က မြင်ခဲ့ရသလဲ?’ ဟု မေးလေ့ရှိသည်။ ထိခိုက်ဒဏ်ရာဖြစ်ပါက ‘ဒီအဖြစ်အပျက် ဘယ်အချိန်က ဖြစ်ခဲ့သလဲ?’ ဟု ပြန်လည်မေးမြန်းနိုင်သည်။ အချိန်များနှင့်ပတ်သက်၍ ခန့်မှန်း/မှန်းဆရာတွင် သတိထားရန်လိုအပ်ပါသည်။

- Provocation အကြောင်းရင်း သို့မဟုတ် ‘ဘာ’ – ‘ဒီလက္ခဏာကို ပိုဆိုးစေတာ ဘာလဲ?’ တစ်ခါတစ်ရံ ‘ဒီဝေဒနာကို ဘယ်လိုနေတာက သက်သာစေလဲ ?’ ဆိုသည့်မေးခွန်းကိုလည်း ထည့်သွင်းသင့်သည်။ ၎င်းသည် ဝေဒနာနှင့်ဆက်စပ်နေသော အခြေအနေအချို့ကို ဖော်ပြရာတွင် အထောက်အကူဖြစ်စေသည်။

- Quality အရည်အသွေး သို့မဟုတ် ‘ဘယ်လို’ – ‘သင့်နာကျင်မှုက ဘယ်လို ခံစားရမှုမျိုးလဲ ဆိုတာ ပြောပြနိုင်မလား?’ များသောအားဖြင့် လူနာကို ဥပမာအချို့ဖြင့် လမ်းညွှန်ပေးရန် လိုအပ်ပါသည်။ ဥပမာ – ထက်နေသောနာကျင်မှု၊ စူးနေသောနာကျင်မှု၊ ကိုက်နေသောနာကျင်မှု၊ စပ်ဖျဉ်းဖျဉ်းဖြစ်နေခြင်း။ လူနာက သူတို့ခံစားနေရသည့်ဝေဒနာကို အနီးစပ်ဆုံးပြောပြနိုင်စေရန် ဖြစ်ပါသည်။

- Radiation ပျံ့နှံ့ခြင်း သို့မဟုတ် ‘ဘယ်နေရာ’ – ‘နာကျင်မှုကို ဘယ်နေရာတွေမှာ ခံစားရသလဲ?’ လူနာကို နာကျင်မှုရဲ့ တိကျတဲ့နေရာကို ညွှန်ပြခိုင်းပါ။ ထို့နောက် လူနာက နာကျင်မှုကို အခြားဘယ်နေရာတွေမှာ ခံစားရသလဲ မေးပါ။ ‘နာကျင်မှုကို အခြားဘယ်နေရာမှာ ခံစားရသေးသလဲ?’ ဟု မေးပါ။
- Severity ပြင်းထန်မှု သို့မဟုတ် ‘အရေအတွက်’ – ‘၀ မှ ၁၀ အထိ စကေးတစ်ခုပေါ်မှာ သင့်နာကျင်မှုကို ဘယ်လောက်ထိ ခံစားရတယ်လို့ သတ်မှတ်မလဲ?’ ကျွန်ုပ်တို့သည် များသောအားဖြင့် ၀ ကို လုံးဝနာကျင်မှုမရှိခြင်း၊ ၁၀ ကို အဆိုးဆုံးနာကျင်မှုအဖြစ် သတ်မှတ်ပါသည်။ တစ်ခါတစ်ရံတွင် ပြုံးနေသောမျက်နှာမှ စိတ်ညစ်နေသောမျက်နှာအထိ ပြသထားသည့် ဇယားတစ်ခုကို အသုံးပြုပြီး စကေးကို ရှင်းပြလေ့ရှိသည်။ လူနာ၏ပြဿနာသည် နာကျင်မှုနှင့်မဆိုင်ပါက၊ ဤမေးခွန်းကို မေးသည့်အခါ ‘နာကျင်မှု’ ဆိုသည့်စကားလုံးကို လူနာ၏ပြဿနာကို ဖော်ပြသည့်စကားလုံးဖြင့် အစားထိုးပါ။ ‘ခေါင်းအရမ်းမူးနေတာလား။ ၀ မှ ၁၀ အထိ စကေးတစ်ခုပေါ်မှာ သင့်ခေါင်းမူးမှုကို ဘယ်လောက်ထိ ခံစားရတယ်လို့ သတ်မှတ်မလဲ?

- Time အချိန် သို့မဟုတ် ‘မတိုင်ခင်’ – ‘ဒီလိုမျိုး အရင်က ခံစားရဖူးသလား?’ ဤမေးခွန်းကို များစွာသောပုံစံများဖြင့် မေးနိုင်သည်။ ဥပမာ – ‘အရင်ကဒီလိုမျိုး ဖြစ်ဖူးတာ ရှိပါသလား?’ နှင့် ‘ဒါကို ပထမဆုံးအကြိမ် ခံစားရတာလား?’ စသည်ဖြင့်။ နာတာရှည်ကျန်းမာရေးပြဿနာများနှင့်ပတ်သက်ပါက၊ ဤပြဿနာဖြစ်ပွားသည့် ပုံမှန်အကြိမ်ရေကို မေးနိုင်သည်။ ‘တက်တာကို ဘယ်နှစ်ကြိမ်လောက် ခံစားရလေ့ရှိသလဲ?။

စာရေးသားခြင်းသင်တန်းတစ်ခုလို စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့သည် ‘ဘယ်အချိန်၊ ဘာ၊ ဘယ်လို၊ ဘယ်နေရာ’ စသည့်မေးခွန်းများကို ဖြေရှင်းပြီး စာဖတ်သူအား ကျွန်ုပ်တို့ဘယ်အရာကိုဦးတည်စဉ်းစားနေသည်ကို စိတ်ကူးပုံဖော်နိုင်ရန် လုပ်ဆောင်ရပါသည်။ ဤမေးခွန်းများကို မေးခြင်းဖြင့် လူနာသည် မည်သည့်ဝေဒနာခံစားနေရသည်ကို စိတ်ထဲတွင် ပုံဖော်နိုင်ပါသည်။ လူနာ၏ဝေဒနာ သို့မဟုတ် ကုသနိုင်မည့်နည်းလမ်းနှင့်ပတ်သက်သည့် အရေးကြီးသော ဆေးဘက်ဆိုင်ရာအချက်အလက်များ ကျန်ရှိနေပါသေးသည်။ ၎င်းတို့မှာ ‘SAMPLE’ ဟူသောအတိုကောက်စကားစုရှိ ‘AMPLE’ မေးခွန်းများ ဖြစ်ပါသည်။
- Allergies ဓာတ်မတည့်ခြင်း – “သင့်မှာ ဘယ်အရာတွေနဲ့ ဓာတ်မတည့်တာမျိုးတွေရှိလဲ?” အခုလို အဖွင့်မေးခွန်းမျိုးဖြင့်မေးမြန်းလိုက်ခြင်း လူနာအနေနဲ့ အရင်ကတွေ့ကြုံခဲ့ဖူးတဲ့ဓာတ်မတည့်မှုးမျိုးရှိနေရင်တောင်မှ အမှတ်ရသွားစေနိုင်ပါသည်။လူနာဟာအခုခံစားနေရတဲ့နာကျင်မှုကိုပဲအာရုံရှိနေနိုင်ပြီး ကြုံခဲ့တာကြာပြီဖြစ်သောဓာတ်မတည့်များကို သတိမထားမိတတ်ကြပါ။
- Medications ဆေးဝါးများ – ‘ဘယ်ဆေးတွေ သောက်သုံးထားသလဲ?’ နှင့်/သို့မဟုတ် ‘ဘယ်ဆေးတွေကို ပုံမှန်သောက်သုံးလေ့ရှိသလဲ?’ အခြေခံလူနာစောင့်ရှောက်မှုအတွက် ကျွန်ုပ်တို့သည် ဆေးဝါးကျွမ်းကျင်သူ (သို့) သူတို့၏ဆေးဝါးများအကြောင်း အရာအားလုံးကို သိရန်မလိုအပ်ပါ။ လူနာများစွာသည် သူတို့သောက်သုံးနေသည့် ဆေးဝါး၏အမည်ကို တိကျစွာမသိကြပါ။ သောက်သုံးနေသည့်ဆေးဝါးများကို စာရင်းပြုစုခြင်း သို့မဟုတ် ဆေးဝါးများကို အိတ်တစ်ခုထဲတွင် စုဆောင်းခြင်း (7-Eleven အိတ်များက အသုံးဝင်ပါသည်) သည် ဆရာဝန်များနှင့် သူနာပြုများအား လူနာကို ဘယ်ဆေးဝါးများက သက်ရောက်မှုရှိနေသည်ကို သိရှိစေရန် ကူညီပေးပါသည်။
ဆေးဝါးများနှင့်ပတ်သက်၍ မေးမြန်းရာတွင် လူနာကို အပြစ်တင်သည့်သဘောမျိုး မဖြစ်စေရန် သတိထားပါ။ ကျွန်ုပ်တို့သည် ဆေးဝါးအားလုံးအကြောင်း သိရှိလိုပါသည်။ ထိုဆေးဝါးများသည် တရားမဝင်ဆေးဝါးများ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းများ၊ နှင့် ထူးထူးခြားခြားဖော်စပ်ထားသောဆေးဝါးများ ပါဝင်သလားကို သိရှိလိုခြင်းဖြစ်ပါသည်။ ၎င်းသည် လူနာဘာကြောင့် ဖြစ်နေသည်ကို သိရှိပြီး လူနာကို ကူညီရန်အတွက် ဖြစ်သည်။ လူနာကို အပြစ်တင်ရန် မဟုတ်ပါ။
- Past Medical History ယခင်ကြုံခဲ့ရဖူးသောရောဂါရာဇဝင်များ – “သင့်မှာ ရောဂါအခံဘာရှိလဲ။” ယခုမေးခွန်းမေးရာတွင် လူနာကို -( ဆီးချို၊ နှလုံးညှစ်အားကျရောဂါ၊ နာတာရှည်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ ) ကဲ့သို့သောရောဂါများကို ဥပမာအနေဖြင့် ထည့်မေးနိုင်ပါသည်။

- Last Oral Intake နောက်ဆုံးစားသုံးခဲ့သည့် အစာနှင့် အရည် – ‘ဒီနေ့ ဘာစားခဲ့သလဲ?’ လူနာက သူတို့သည် အခွံမာသီးများနှင့် ဓာတ်မတည့်ကြောင်း ဖြေကြားပြီးနောက် အခွံမာသီးကွတ်ကီးများ စားခဲ့သည်ဟု ပြောပါက၊ သူတို့ကို ဘယ်အရာကနေထိုင်းမကောင်းဖြစ်စေသည်ကို ကျွန်ုပ်တို့ သိရှိနိုင်ပါသည်။ ဤခေါင်းစဉ်နှင့်ပတ်သက်၍ မေးမြန်းရာတွင် အနည်းငယ်ရှင်းလင်းချက်များ လိုအပ်တတ်ပါသည်။ ဥပမာ – ကွတ်ကီးများကို ဘယ်အချိန်က စားခဲ့သလဲ၊ သို့မဟုတ် ဝေဒနာသည် အခွံမာသီးကွတ်ကီးများ မစားခင် သို့မဟုတ် စားပြီးမှ စတင်ခဲ့သလား စသည်ဖြင့် မေးမြန်းရန် လိုအပ်ပါသည်။
ကံမကောင်းစွာပင်၊ ဤခေါင်းစဉ်တွင် အရက်သောက်သုံးမှုနှင့်ပတ်သက်သည့် မေးခွန်းများလည်း ပါဝင်တတ်ပါသည်။ အရက်သောက်ထားသည့် လူနာကို ပြန်မလွှတ်မီ သင့်တင့်မျှတပြီး ပြည့်စုံသော အကဲဖြတ်မှုများ ပြုလုပ်ရန် သတိထားပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့က သာမန်အရက်မူးနေသည်ဟု ထင်မှတ်နေသော်လည်း၊ ထိုအချက်ကပင် အရေးပေါ်ကျန်းမာရေးဆိုင်ရာဝေဒနာဖြစ်ရခြင်း၏ အဓိကအချက်ဖြစ်နေနိုင်ပါသည်။ - Events Leading Up To ဖြစ်စဉ်မတိုင်မီအခြေအနေ – ‘ဒီလက္ခဏာစတင်ချိန်မှာ ဘာလုပ်နေခဲ့သလဲ?’ တစ်ခါတစ်ရံတွင် လုပ်ဆောင်နေသည့် အရာများသည် လူနာနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာပြဿနာကို ရှင်းလင်းစွာ ရှင်းပြနိုင်ပါသည်။ ဥပမာ – လူနာတစ်ဦးသည် နေပူထဲတွင် လေးလံသောပစ္စည်းများကို မ ပြီးနောက် ရင်ဘတ်အောင့်ခြင်းကို ပြင်းထန်စွာ ခံစားရနိုင်သည်။
ယခုကဲ့သို့ မေးခွန်းများသည် လူနာကြုံတွေနေသော ကျန်မားရေး/ရောဂါ ဆိုင်ရာအခြေအနေကို စိတ်တွင်ပုံဖော်နိုင်ရန် အထောက်အကူပြုပေသည်။ အစတွင်ဖော်ပြခဲ့သောရှေးပုံပြင်ကဲ့သို့ပဲ မျက်စိမမြင်သော်လည်း မိမိဉာဏ်ပညာအသုံးချရှုမြင်ခြင်းဖြင့် ဆင်ဖြစ်ကြောင်းကို သိရှိနိုင်ပေသည်။
ထိုင်းဘာသာသို့ပြန်ဆိုပေးသူ K. Mink တို့ကိုကျေးဇူးတင်ပါသည်။ ဤစာစဉ်နှင့်အတူ လူထုအကျိူးပြုဝန်ထမ်းများအတွက် သင်တန်းဖြစ်မြောက်ရေးကိုဆောင်ရွက်ပေးသော သစ်ရိပ်ဖောင်ဒေးရှင်း ၊ သင်တန်းတွင်း ဆေးဘက်ဆိုင်ရာအပိုင်းကို ကူညီသင်ပြပေးသော ဒေါက်တာကေ (ဒေါက်တာကျော်စိုးနိုင်) နှင့် မြန်မာဘာသာသို့ ပြန်ဆိုပေးသော ဒေါက်တာဟန်နီ တို့ကို အထူးပဲကျေးဇူးတင်အပ်ပါသည်။
ကနဦးအကဲဖြတ်မှုများအသေးစိတ်ထပ်မံလေ့လာနိုင်ရန် ကိုနှိပ်ပါ
ကိုးကား
Limmer, D., O'Keefe, M., Grant, H., Murray, R. H., Bergeron, J. D., and Dickinson, E. T. (2004). Emergency Care 10th Edition. Saddle River, NJ: Pearson Prentice Hall.
McEvoy, D., Moore, G., and Blelcher, J. (2012). Wilderness Medicine 12th Edition. Missoula, MT: Aerie Backcountry Medicine.
McNamara, E. C. (2020). Outdoor Emergency Care: A Patroller’s Guide to Medical Care (6th Edition). Burlington, MA: Jones and Bartlett Learning.

